Tuesday, March 18, 2014

သန်​​ခေါင်​စရင်းဆန်​စစ်​ချက်

သန်းခေါင်စာရင်းအကြို ချင်းလူမျိုးများဆိုင်ရာ သတင်းအချက်အလက်များစမ်းစစ်ခြင်း

March 18, 2014 9:30 am by: Chinworld Admin Category: Article  A+ / A-
chin_state

နိဒါန်း

လူအဖွဲ့အစည်းခေါင်းဆောင်များ သည် တစ်ခါတစ်ရံ သတင်း အချက်အလက်များကို အခြေခံခြင်း
ထက် မိမိအမြင်ဖြင့်သာ ဆုံးဖြတ်ချက်များ ချတတ်ကြသည်။ ဒီမိုကရေစီ အတွက် လူထုခေါင်းဆောင်
များသည် သတင်းအချက် အလက်များအပေါ် အခြေခံ၍ လူထူအတွက် အမှန်တကယ်အကျိုးရှိမည့်
ဆုံးဖြတ်ချက်ချရန် အရေးကြီးပါသည်။ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်ရေးအတွက်မှန်ကန်သော
သတင်းအချက်အလက်များရှိရန် အလွန်ပင်အရေးကြီးပါသည်။

မြန်မာနိုင်ငံတွင် နေရာဒေသအများပြား၊ လူမျိုးစုအများအပြားနှင့်ပတ်သက်၍ သတင်းအချက်အလက်
များ မရှိသလောက်ပင် နည်းပါးပါးသည်။ အကျိုးဆက်အားဖြင့် နှိင်ငံကို စီမံခန့်ခွဲရေးအတွက် ဆုံးဖြတ်
ချက်များချရာတွင် အလွန်ခက်ခဲစေပြီး မလိုလားအပ်သော ဆုံးဖြတ်ချက်လွဲချော်များလည်း ဖြစ်စေပါ
သည်။

သို့ရာတွင် ၂၀၀၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူတော့မည် ဖြစ်ပါသည်။… သန်းခေါင်စာရင်း
တွင် ပိုမိုပြည့်စုံစွာ မှန်ကန်သည့် အချက်အလက်များကို ကောက်ယူနှိင်တော့မည်ဟု မျှော်လင့်ရပါ
သည်။ ၁၉၈၃ သန်းခေါင်စာရင်းတွင် ပြည်တွင်းစစ်ကြောင့် နေရာအများအပြားတွင် အချက်အလက်
များ ကောက်ယူနိုင်ခဲ့ခြင်း မရှိပါ။ ၁၉၃၁ သန်းခေါင်စာရင်းသည်ပင် ၁၉၈၃-သန်းခေါင်စာရင်းထက်
ပိုမိုကောင်းမွန်သည့် အချက်အလက်များ ပါရှိသည်ကို တွေ့ရပါသည်။ ထိုကြောင့် ၂၀၀၄ သန်းခေါင်
စာရင်းသည် မြန်မာနိုင်ငံလူဦးရေနှင့် လူမျိုးစုများဆိုင်ရာ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ
ကောက်ယူနိုင်မည့် အခွင့်အရေးတစ်ခုပင် ဖြစ်ပါသည်။

၁၉၁၁၊၁၉၂၁၊၁၉၃၁ သန်းခေါင်စာရင်းတွင် ဒေသခံတို့သည် မိမိတို့လူမျိုးအမည်ကို သန်းခေါင်
စာရင်းတွင် ထည့်သွင်းနိုင်ခဲ့ပြီး အုပ်စုကြီးများ၏ လူဦးရေသာမက လူမျိုးစုငယ်တစ်ခုချင်း၏
လူဦးရေကိုပါ ပြုစုထားခဲ့ပါသည်။ ဥပမာ- ချင်းလူမျိုးအားလုံး၏ လူဦးရေစုစုပေါင်းအပြင် လိုင်၊
ဆဲန်ထန်၊ ထာဒို၊ ချင်းပုံ၊ မတူ စသည့် အုပ်စုတစ်စုချင်း၏ လူဦးရေကိုပါ မှတ်တမ်းတင်နိုင်ခဲ့ပါ
သည်။ ၁၉၈၃ သန်းခေါင်စာရင်းတွင်မူ လူမျိုးစုများ၊ ဘာသာစကားများနှင့် ပတ်သက်သော
အချက်အလက်များကို သီးခြားကောက်ယူနိုင်ခဲ့ခြင်း မရှိပါ။ ပြည်နယ်၊တိုင်းစသည့် ဒေသအလိုက်
အားလုံးစုပေါင်း၍သာ ကောက်ယူခဲ့သည်ကို တွေ့ရပါသည်။ ဥပမာ- ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း
ကိုသာ ကောက်ယူခဲ့ပြီး နေထိုင်သည့် တိုင်းရင်းသားများ ဖြစ်သည့် ရခိုင်၊ ချင်း၊ သက်၊ ဒိုင်းနက်၊
မြိုစသည့် လူမျိုးစု အလိုက် ခွဲခြားကာ လူဦးစာရင်း ကောက်ယူခဲ့ခြင်းမရှိသည်ကို တွေ့ရပါသည်။

ထို့ကြောင့် လူဦးစုများဆိုင်ရာ အချက်အလက်များကို ၁၉၃၁- သန်းခေါင်စာရင်းတွင်သာ တွေ့ရ
ပါသည်။၂၀၀၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကောက်ယူမည့် သတင်းအချက်အလက် အများအပြား
ပါဝင်သော်လည်း ဘာသာစကားဆိုင်ရာ သတင်းအချက်အလက်များ ကောက်ယူရန်အစီအစဉ်မရှိပါ။
ထို့ကြောင့် လူမျိုးစုများဆိုင်ရာ သတင်းအချက်အလက်များရရှိနိုင်မည်မဟုတ်ပါ။ ဘာသာစကား
အုပ်စုများဆိုင်ရာ သတင်အချက်အလက်များ ကောက်ယူခြင်းမပြုသည့် ၂၀၀၄ သန်းခေါင်စာရင်း
သည် နောင်ကာလကောက်ယူမည့် သန်းခေါင်စာရင်းများတွင် ရှေ့ပြေးပုံစံတစ်ခု ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် ချင်းလူမျိုးများအနေဖြင့် မိမိတို့လူမျိုးနှင့် ပတ်သက်သော သတင်းအချက်အလက်မှန်များ
ပြည့်စုံစွာရရှိရန် ကြိုးပမ်းရမည့် တာဝန်ရှိလာပါသည်။

…စာတမ်းတွင် မကြာမီကောက်ယူမည့် သန်းခေါင်စာရင်းတွင် အသုံးပြုနိုင်သည့် တရားဝင်လက်ခံ
ထားသော မြန်မာနိုင်ငံလူမျိုးစုများ စာရင်းကို အခြေခံ၍ ချင်းလူမျိုးစုများအကြောင်းကို အလေးပေး
တင်ပြပါသည်။ ဦးစွာ မြန်မာနိုင်ငံ လူမျိုးစုများစာရင်းကိုခြံ၍ သုံးသပ်ပါမည်။ ထို့နောက် “ချင်း”
ဟူသောအမည်အကြောင်း အနည်းငယ်ဆွေးနွေးပါမည်။ ထို့နောက် ချင်းအုပ်စုများကို ဘာသာစကား
အုပ်စုများအသွင်ဖြင့် တင်ပါမည်။ ထို့သို့တင်ပြရာတွင် ပညာရှင်များပြုစုထားသော ချင်းအုပ်စုများ၊
ဝေါဟာရ တူညီမှု ရာနှုန်းကို အခြေခံသည့် ချင်းအုပ်စုများစသည့်ဖြင့် တင်ပြသွားပါမည်။ နောက်ဆုံး
တွင် အကြံပြုချက်အချို့ ထည့်သွင်းထားပါသည်။

၁။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ စာရင်းကို သုံးသပ်ခြင်း

ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ထင်ရှားသော သန်းခေါင်စာရင်း ၂-ခု ရှိပါသည်။ ပထမ
သန်းခေါင်စာရင်းပါ မြန်မာနိုင်ငံ လူမျိုးနွယ်စုများ၏စာရင်းမှာ ပြည့်စုံခြင်းမရှိပါ။ သို့ရာတွင်
ယင်းသန်းခေါင်စာရင်းသည် လူမျိုစုများ စာရင်းနှင့် ပက်သက်၍ ၁၉၈၃ သန်းခေါင်စာရင်း
ထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရပါသည်။ ၁၉၈၃ သန်းခေါင်စာရင်းပါ မြန်မာနိုင်ငံ
လူမျိုးနွယ်စု (၁၃၅) မျိုးစာရင်းသည် အားနည်းချက်အများအပြားရှိသည်ကို တွေ့ရပါသည်။
ယင်း သန်းခေါင်စာရင်း ၂-ခုတွင် ဖော်ပြထားသော လူမျိုးစုစာရင်းကိုသာ ဆက်လက်အသုံး
ပြုမည်ဆိုပါက အချို့ လူမျိုးနွယ်စုများ အသိအမှတ်ပြုမခံရခြင်း၊ လူမျိုးအမည်များရှုပ်ထွေးခြင်း
စသည့်အားနည်းချက်များ ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သော လူမျိုးများ၏
စာရင်းတိကျမှန်ကန်ရန် အလွန်အရေးကြီးပါသည်။

အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ပါသည်။ သို့ရာတွင် လူမျိုးနွယ်
စုများနှင့် ပတ်သက်သော အချက်အလက်များမှာ ယုံကြည်အားကိုးရသည့် အခြေအနေမရှိပါ။
အဘယ့်ကြောင့်ဆိုသော် လူမျိုးနွယ်စုများအတူတကွ ပေါင်းစည်းခြင်း၊ ခွဲထွက်ခြင်း စသည့်တို့
ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နေထိုင်သော လူမျိုးများ၏ စာရင်းတိကျမှန်ကန်မှ
တိုင်းပြည်တည်ဆောက်ရေးအတွက်အသုံးဝင် အကျိုးပြုနိုင်ပေမည်။

၁၉၃၁- ခုနှစ် သန်းခေါင်စာရင်းတွင် နေရာဒေသအလိုက်အတွက် ပြောဆိုသည့် မိခင်ဘာသာ
စကားကို အခြေခံသည့် လူဦးရေစာရင်းပြုစုခဲ့ကြောင်း တွေ့ရပါသည်။ ယင်းစနစ်မှာ အလွန်
ကောင်းလှပါသည်။ ဥပမာ- ရခိုင်ပြည်နယ်တွင် ရခိုင်၊ ခူမီး၊ မြို၊ ခဲန်စသည့် ပြောဆိုသည့်
မိခင်ဘာသာစကားအလိုက် ခွဲခြားစာရင်းပြုစုဖော်ပြထားပေသည်။လက်ရှိ မြန်မာနိုင်ငံ လူမျိုး
နွယ်စု (၁၃၅) မျိုး၏ စာရင်းမှာ ကောင်းမွန်သော ကြိုးပမ်းမှုအစဟုဆိုနိုင်ပါသည်။ ယင်း
စာရင်းတွင် လူမျိုးစုအမြောက်အများ ပါဝင်ပါသည်။ သို့ရာတွင် အချို့အချက်အလက်များမှာ
မတိကျ၊ မပြည့်စုံသည့် ရှေးဟောင်း ဗြိတိသျှခေတ်လေ့လာမှုများတွင်သာ အခြေခံထားပါသည်။

ယင်းစာရင်းတွင် မပါဝင်သေးသောလူမျိုးစု အများအပြားရှိသကဲ့သို့၊ အုပ်စုလွဲမှားစွာ ဖော်ပြ
ထားသော လူမျိုးစုများ၊ အထပ်ထပ် ဖော်ပြထားသောကြောင့်ပယ်ဖျက်သင့်သည့်အမည်များ
လည်းရှိသည်။လက်ရှိလက်ခံထားသော တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးစာရင်းကို ပြုစု
ရာတွင် ရိုးရာဓလေ့ ထုံးစံ၊ ဘာသာစကားအပေါ် အခြေခံထားခြင်းမဟုတ်ဘဲ နယ်မြေဒေသ
ကိုသာ အခြေခံပြုစုထားသည်ကို တွေ့ရပေသည်။ ဥပမာ ကဒူ၊ ကနန်းနှင့် မော်ကယ် (Moken)
ခေါ် ဆလုံမျိုးနွယ်စုမှာ ဘာသာစကားနှင့် ယဉ်ကျေးမှုအရ၊ ဗမာလူမျိုးတို့နှင့် ဆက်နွယ်မှုမရှိ
သော်လည်း ဗမာလူမျိုးများ နေထိုင်ရာဒေသတွင် ရောနှောနေထိုင်ခြင်းကြောင့် ဗမာမျိုးနွယ်စု
စာရင်း၌ ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ ဆလုံတို့မှာ ပြောဆိုသော ဘာသာစကားအရ
တိဗက်မြန်မာ အနွယ်ဝင်မဟုတ်ဘဲ သြစတြိုနီးရှန်း (Austronesian) ဘာသာစကားအုပ်စုဝင်
ဖြစ်ပြီး ယဉ်ကျေးမှုအရ မလေးတို့နှင့် ပိုမိုနီးစပ်ပါမည်။ ထို့အတူ ချင်းစကားအုပ်စုဖြစ်သော
ခူမီးနှင့် မြိုတို့ကိုလည်းကောင်း၊ အင်ဒိုအာရိယန် အနွယ်ဝင်ဖြစ်သော မြန်မာကြီးတို့ကိုလည်း
ကောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်သောကြောင့် ရခိုင်မျိုးနွယ်စုတွင် ထည့်သွင်းထားသည်ကို
တွေ့ရပါသည်။

အလားတူ ရှမ်းပြည်နယ်တွင် နေထိုင်သော တိဗက်မြန်မာ အနွယ်ဝင်များဖြစ်သည့် လားဟူ၊
အခါ စသည့် လူမျိုးစုများကိုလည်းကောင်း၊ သြစတြိုအေးရှား (Austro- Asiatic)
အနွယ်ဝင်ဖြစ်သော ဒ၀ဒ နှင့် ပလောင်တို့ကိုလည်းကောင်း၊ မှောင်-မီယန် (Hmong- Mien)
အနွယ်ဝင် မြောင်ဇီးတို့ကိုလည်းကောင်း ရှမ်းလူမျိုးစာရင်းတွင်သာ ထည့်သွင်းထားသည်ကို
တွေ့ရပါသည်။

ထို့အပြင် လက်ရှိလူမျိုးစုများစာရင်း၏ အခြားအားနည်းချက် တစ်ခုမှာ လက်ရှိလူမျိုးနွယ်စု
များစာရင်းတွင် မျိုးနွယ်စုတူအုပ်စု အများအပြားကို လွှမ်းခြုံရည်ညွှန်းသော အမည်များဖြစ်သည့်
ချင်း၊ ကချင်၊ ကရင်၊ နာဂ စသည်တို့ကိုလည်းကောင်း၊ ထည့်သွင်းရေတွက်ထားကြောင်းတွေ့ရ
ပါသည်။ ယင်းကဲ့သို့သော အမည်များမှာ မည်သည့် သီးခြားမျိုးနွယ်စုကိုမှ ရည်ညွှန်းခြင်း
မရှိဘဲ လူမျိုးစုအများအပြားကို လွှမ်းခြုံသော အမည်များသာဖြစ်သောကြောင့် ၄င်းတို့ကို
လူမျိုးနွယ်စုများစာရင်းမှ ပယ်ဖျက်ပြီး လူမျိုးစုအဖြစ်သာ အသုံးပြုသင့်ပါသည်။

ချင်းအုပ်စု

ဤစာတမ်းတွင် ချင်းလူမျိုးစုများအကြောင်းကိုသာ အဓိကထား ဆက်လက်တင်ပြသွား
မည် ဖြစ်ပါသည်။

ချင်းဟူသော အမည်ကိုသုံးသပ်ခြင်း

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်အနောက်ဖက်တလျှောက်နှင့် အနောက်ဖက်တောင်တန်းများတွင်
ပြန့်နှံနေထိုင်သော ဗမာမဟုတ်သည့်လူမျိုးကို ချင်းလူမျိုးဟုယနေ့ယေဘုယျ လက်ခံထားကြ
ပါသည်။ ချင်းဆိုသည့်အမည်မှာ ဗမာလူမျိုးတို့ခေါ်သော အမည်ဖြစ်ပါသည်။ ချင်းဟူသော
အမည် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ထင်မြင်ယူဆချက်အမျိုးမျိုးရှိပါသည်။ အချို့၏ အဆို
အရ မြန်မာနိုင်ငံသမိုင်းတွင်ချင်းတို့သည် ဗမာတို့နှင့် စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ခြင်း
မရှိသောကြောင့် ဗမာတို့က အချင်းချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းဟု သဘောထားသော
ကြောင့် “ချင်း” ဟုခေါ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ အချို့ကလည်း ခြင်းကျားကြီးများကို
ထမ်းပိုတတ်သော လူမျိုးများဖြစ်၍ “ချင်း” လူမျိုးဟု ဗမာတို့က ခေါ်ခြင်းဖြစ်သည်ဟုလည်း
ဆိုကြပါသည်။ “လူ” ဟုအနက်ရသော “ချင်း၊ ခန်း”စသည့် အရှိုချင်းနှင့် အခြားတောင်ပိုင်း
ချင်း ဝေါဟာရမှ ရွေ့လျားဖြစ်ပေါ်လာသည်ဟုလည်း အချို့က သုံးသပ်ပါသည်။

အထက်ပါယူဆချက် (၃)မျိုးအနက် ပထမယူဆချက်မှာဖြစ်နိုင်ခြေနည်းမည်ဟု ယူဆရပါသည်။
ပကတိအမှန်တရားထက် စည်းရုံးရေးသဘော သက်ရောက်သော ယူဆချက် ဖြစ်နိုင်ပါသည်။
ဒုတိယယူဆချက်မှာလည်း ဖြစ်နိုင်ခြေနည်းပါးသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်
ခြင်းကျားကြီးများကို အသုံးပြုသောတိုင်းရင်းသားများမှာ ချင်းလူမျိုးတစ်မျိုးတည်းရှိသည်
မဟုတ်ပါ။ အခြားတိုင်းရင်းသား အများအပြား ခြင်း၊ တောင်းအမျိုးမျိုးကိုတွင် ကျယ်စွာ
အသုံးပြုကြပါလျက် “ချင်း” တစ်မျိုးတည်းကို ထိုသို့သမုတ်သည်မှာ ယုတ္တိမတန်လှပါ၊
တတိယယူဆချက်မှာ ဖြစ်နိုင်ခြေ ပိုမိုနီးစပ်မည်ဟု ယူဆရပါသည်။ Khyeng လူမျိုးနွယ်စု
များ နေထိုင်ကြသည်ဟု မှတ်တမ်းထထားပါသည်။ ယခုလက်ရှိတောင်သားဟုခေါ်သော
လူမျိုးကစုလည်းကောင်း၊ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့နယ်နေ
ချင်းများ၊ ချင်းပုံ(ခေါ်) အုတ်ပူး၊ အရှိုစသည့်ချင်းတို့ကလည်း “လူ”ကို “Khang, Khrang,
Khyang, chang” ဟုပင် ခေါ်ကြသည်။ ထို့ကြောင့် ယင်းဝေါဟာရသည်ပင် ရခိုင်စကားဖြင့်
“ခရန်း” ဟုလည်းကောင်း၊ ဗမာစကားဖြင့် “ချင်း”ဟုလည်းကောင်း၊ ရွေ့လျားပြောင်းလဲသည်
ဟူသော အယူအဆမှာဖြစ်နိုင်ခြေရှိပါသည်။

ဘာသာူစကားလေ့လာသည့် ပညာရှင်များကမူ ကူကီးချင်းအုပ်စုဟု ခေါ်ဝေါ်သုံးစွဲကြပါသည်။
အနောက်တိုင်းသားတို့ အိန္ဒိယကို သိမ်းပိုက်ပြီးနောက် နိုင်ငံအရှေ့ဖက်ရှိ နယ်မြေများတွင်
နေထိုင်သည့် လူမျိုးများကို လေ့လာရာတွင် အင်ဒိုအာရိယာန်အနွယ်ဝင်များနှင့် အသားအရောင်
ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ပြောဆိုသည့် ဘာသာစကားပတူသည့် လူမျိုးစုများနေထိုင်
ကြောင်း တွေ့ရှိကြပြီး၊ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော အိန္ဒိယနွယ်ဖွားတို့ကို မေးမြန်း
ပြီး ကူကီးလူမျိုးဟု မှတ်တမ်းတင်ထားခဲ့ကြသည်ဟု ဆိုပါသည်။ တဖန် အင်္ဂလိပ်တို့ မြန်မာ
နိုင်ငံကို သိမ်းပိုက်သောအခါ ဧရာဝတီအနောက်ဖက် တောင်တန်းဒေသများတွင် ပြန့်နှံ့နေ
ထိုင်ကြသော လူမျိုးစုများကို ဗမာတို့က “ချင်း” ဟုခေါ်သည်ဟု မှတ်တမ်းတင်ထားခဲ့ကြ
ပြန်သည်။ နောင်တွင် အိန္ဒိယဖက်တွင် ကူကီးဟု ခေါ်သော လူမျိုးစုများနှင့် မြန်မာနိုင်ငံဖက်
တွင် “ချင်း” ဟုခေါ်သော လူမျိုးစုများသည် ဘာသာစကား၊ ဓလေ့ထုံးစံတို့ဆက်စပ်သော
အုပ်စုတစ်စုအဖြစ် သဘောပေါက်လာကြသောကြောင့် ယင်းအုပ်စုကို “ကူကီးချင်းအုပ်စု”
ဟု ခေါ်ဝေါ်သုံးစွဲလာခဲ့ကြပေသည်။

ချင်းလူမျိုးစုများ မိမိကိုယ်ကိုခေါ်သောအမည်များ

ယနေ့ ချင်း လူမျိုးဟု မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစုအတွင်း
မိမိတို့ဘာသာစကားဖြင့် ကိုယ့်ကိုယ်ကို ချင်းဟုခေါ်သည့်အုပ်စု မရှိပါ။ ချင်းအုပ်စုအတော်များ
များတွင် မိမိတို့ကိုယ်ကိုလည်းကောင်း၊ မိမိတို့နှင့် ဘာသာစကား၊ ယဉ်ကျေးမှုတူသည့်အုပ်စု
များကိုလည်းကောင်း၊ ခေါ်သည့်အမည်များ အသီးသီးရှိကြသည်ကို တွေ့ရပါသည်၊ အရှိုချင်း
တို့ အရှိုဟုလည်းကောင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နေထိုင်သူတို့က ချိုးဟု
လည်းကောင်း၊ ချင်းပြည်နယ်မြောက်ပိုင်းရှိ အုပ်စုအတော်များများက ဇိုဟုလည်းကောင်း၊
အုတ်ပူး(ခေါ်)ချင်းပုံတို့က ဟီရို(Hio) ဟုလည်းကောင်း၊ ရခိုင်ပြည်နယ် မင်းပြားမြေပုံ၊
အမ်းမြို့နယ်တွင် ပြန်နှံ့နေထိုင်သော ချင်းတို့က မျှိုဟုလည်းကောင်း၊ အသီးသီး မိမိတို့ကိုယ်
ကို ခေါ်ဝေါ်ကြသည်။ အချို့အုပ်စုငယ်များတွင် မူမိမိတို့ကိုယ်ကိုခေါ်ဝေါ်ကြသည့်အမည်
အတိအကျမရှိကြောင်းလည်း တွေ့ရပေသည်။

အထက်ပါအမည်များအောက်တွင် အုပ်စုငယ်အမည်များလည်း ရှိနေသည်ကို တွေ့ရပါသည်။
ဥပမာ-မင်းတပ်၊ ကန်ပက်လက်မြို့နယ်ရှိ ချိုးလူမျိုးများတွင် မွင်၊ ကာမ်း၊ ဒိုင် ဟူသောအုပ်စု
များထပ်မံတွေ့ရပါမည်။ထို့အပြင် ပထ၀ီအနေအထား၊ တောတောင်မြစ်ချောင်း အနေအထား
ကို အခြေခံသော အမည်များကိုလည်းတွေ့ရပါမည်။ ဥပမာ-ရခိုင်ပြည်နယ် မင်းပြား၊ မြေပုံ၊
အမ်းမြို့နယ်တွင် ပင်လယ်နှင့်နီးသောမြစ်ဝ၊ ချောင်းဝပိုင်းတွင် နေထိုင်သော ချင်းတို့သည်
မိမိကိုယ်ကိုမြစ်အောက်ပိုင်းသားဟု အနက်ရသော “စုမ်းတူ(sumtu)” အမည်ခံကြပြီး ရခိုင်
ရိုးမတောင်ပေါ်နေသူတို့ကို တောင်ပေါ်သားဟု အနက်ရသော အမည်ဖြင့် “ကောင်းတူ
(Kongtu)” ဟု ခေါ်ကြပါသည်။ ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်သော အုပ်စုအချို့တို့
သည်လည်း မိမိတို့ကိုယ်ကိုချောင်းဝသားဟု အနက်ရသော“၀ကုန်” (Wakung) ဟုခေါ်ကြ
ပါသည်။

မတူပီတောင်နိမ့်ပိုင်းနေသူတို့ကို “ဒမ်(Deom)”ဟုခေါ်ကြပါသည်။ဆမီးမြို့နယ်ခွဲ အရှေ့ပိုင်း
တွင်နေထိုင်သော ခူမီး အနွယ်ဝင်အချို့ကလည်း မိမိတို့ကိုယ်ကို“တအော”(Ta-aw)
ဟုခေါ်ကြပါသည်။ မတူပီနှင့် ဆမီးမြို့နယ်ခွဲနယ်စပ်နေသူ အချို့ကိုခူးမီးတို့က တောင်ပေါ်သား
ဟု အနက်ရသောအမည်ဖြင့် “အဆန်၊ကဆန်(Assang/Kasang)” ဟု ခေါ်ကြပါသည်။

ချင်းဟူသော လူမျိုးအမည်ကိုလက်ခံမှုအခြေအနေ

ယေဘုယျအားဖြင့် လက်ရှိချင်းပြည်အဖြစ် သတ်မှတ် ထားသော နယ်နိမိတ်အတွင်း နေထိုင်
သူတို့ကိုသာ “ချင်း”လူမျိုးအဖြစ်မှတ်ယူကြသည်ကို တွေ့ရပါသည်။ ချင်းပြည်နယ်ပြင်ပ၌ နေထိုင်
သော အချို့လူမျိုးစုများသည် ဘာသာစကားအရ ချင်းပြည်နယ်တွင်နေထိုင်သူတို့နှင့် အုပ်စုချင်း
သူသော်လည်း မိမိတို့ကိုယ်ကို “ချင်း”လူမျိုးအမည်ဖြင့် ခံယူခြင်းမရှိသည်ကို တွေ့ရပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်
ပြည်နယ်တွင် ပျံ့နှံ့နေထိုင်သော လူမျိုးစုအချို့မှာ မိမိတို့ကိုယ်ကိုချင်းအဖြစ် ခံယူခြင်းမရှိသည်ကို
တွေ့ရပါသည်။

ချင်းဘာသာစကား(language)များနှင့်ချင်းဘာသာစကားတစ်ခု၏ မျိုးကွဲ(dialect)များ ခွဲခြားခြင်း။

ချင်းဘာသာစကားနှင့်ပတ်သက်၍ ချင်းစကားလုံးကို Chin dialects ဟုပြောဆို သုံးနှုန်းတတ်ကြ
သည်ကို မကြာခဏတွေ့ရပါသည်။ ထို့ကြောင့် ဘာသာစကားတစ်ခုနှင့်ယင်းဘာသာစကားတွင် ပါဝင်
သော မျိုးကွဲများအကြောင်း အနည်းငယ်ဆွေးနွေးပါမည်။အကြမ်းအားဖြင့် နိုင်ငံသမားများနှင့် ပညာရှင်
တို့သည် Language နှင့် dialect သတ်မှတ်ရာတွင် မတူတတ်ကြပါသည်။ နိုင်ငံရေးအမြင်ဖြင့် ကြည့်
သူများက မတူသည့်ဘာသာစကားများကို dialect များအဖြစ် သတ်မှတ်သကဲ့သို့ဘာသာစကား
(Language) များအဖြစ် သတ်မှတ်ကြသည့် သာဓကများရှိပါသည်။ဥပမာ-တစ်ခုနှင့်တစ်ခု မတူသည့်
တရုတ်စကား (Language)များကိုအားလုံး (Chinese dialects)များအဖြစ်သာ သတ်မှတ်ပါသည်။
ယနေ့ခေတ် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် အသီးသီးပြောဆိုနေသော ဟင်ဒီနှင့် အူရ်ဒူဘာသာ
စကားများမှာ အမှန်တကယ်အားဖြင့်ဘာသာစကားတစ်မျိုးတည်း ဖြစ်သော်လည်း နိုင်ငံရေးပယောဂ
ကြောင့် သီးခြားဘာသာစကားများအဖြစ် သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။

ပညာရပ်ရှုထောင့်မှမူ ဘာသာစကားအချင်းချင်း နားလည်နိုင်မှု အဆင့်(mutual intelligibility)
ကို စံနှုန်းတစ်ခုအဖြစ် သုံး၍ Language နှင့် dialect ကို ခွဲခြားနိုင်ပါသည်။ချင်းလူမျိုးစုတစ်စုနှင့်
တစ်ခု သည် အသီးသီး မိမိတို့ဘာသာစကားဖြင့် ပြောဆို၍ တစ်ဦးနှင့်တစ်ဦး နားလည်ပါက ယင်းအုပ်စု
၂-ခု ကို dialect များအဖြစ် သတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့မဟုတ်ဘဲ အချင်းချင်း နားမလည်နိုင်ပါက
ယင်းအုပ်စု ၂-ခုကို သီးခြား ချင်းစကား (Language) များအဖြစ်သာ သတ်မှတ်ပါမည်။ ဥပမာ-
ဟားခါးစကားကို မကြာဖူးသော ခူမီးတစ်ယောက်နှင့်ခူမီးစကား မကြားဖူးသော ဟားခါးတစ်ယောက်သည်
အသီးသီးမိမိတို့စကားဖြင့်ပြော၍ နားလည်ကြသည်ဆိုပါက ခူမီးနှင့်ဟားခါးစကားတို့သည် ချင်းစကားတစ်ခု
၏ မျိုးခွဲများ(dialects of a Chin languages) များဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး နားမလည်ပါက
ခူမီးနှင့် ဟားခါးစကားတို့မှာ သီးခြားချင်းစကားများ(distinct Chin languages) သာဖြစ်ပါမည်။
အချင်းချင်း ဘာသာစကားချင်းဆိုရာတွင် ကူးလူးဆက်ဆံထိတွေ့မှုကြောင့် ဘာသာစကား နားလည်နိုင်ခြင်း
မျိုးကို မဆိုလိုပေ။ ဥပမာ- ဟားခါးတွင် အစိုးရ၀န်ထမ်းအဖြစ် သွားရောက်နေထိုင်အလုပ်လုပ်သော
ခူမီးတစ်ယောက် ဟားခါးစကားနားလည်ခြင်းမျိုးကိုမရည်ညွှန်းပါ။

Ref:Federal Journal

No comments:

Post a Comment