Thursday, June 26, 2014

ကမ္ဘာ့အင်ပါယာကြီးများနှင့်မြန်မာ ဇော်အောင် (မုံရွာ) သြဂုတ်၇၊ ၂၀၁၃




ဗြိတိလျှအင်ပါယာ ကမ္ဘာတွင် အကြီးကျယ်ဆုံးဖြစ်ခဲ့သည်။ ၁၇-၂၀ ရာစုအတွင် နယ်ချဲ့ခဲ့ပြီး၊ ၁၉၂၀တွင် အကျယ်ပြန့်ဆုံးဖြစ်ခဲ့သည်။
33,700,000 km2


ရုရှားအင်ပါယာသည် ၁၈၆၆တွင် ဒုတိယအကျယ်ပြန့်ဆုံး ဖြစ်သည်။ USSR ကွန်မြူနစ်များ ၁၉၉၀ ပြိုလဲပြီးနောက် ယခုတိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံများအဖြစ် ရှိနေကြသည်။
150 years until 2013.


မွန်ဂိုအင်ပါယာသည် အံ့သြဘွယ် ဂျင်ဂျစ်ခန်ဆိုသူ စစ်ဗိုလ်ချုပ်တစ်ဦးက အချိန်တိုတောင်းစွာ တိုက်ခိုက်ချဲ့ထွင်ခဲ့ပြီး၊ သူ၏မြေး ကူဗလိုင်ခန်လက်ထက်တွင် အကြီးကျယ်ဆုံးဖြစ်ခဲ့သည်။ ၁၂၀၆-၁၃၆၈ အထိ တရုပ်တပြည်လုံးကို ခန်မင်းဆက်ထူထောင်ခဲ့သည်။  အချို့သမိုင်းဆရာများက မွန်ဂိုများ ရက်စက်စွာတိုက်ခိုက်၊သတ်ဖျက်မှုများကြောင့် အိန္နိယလူမျိုးများ သန်းပေါင်းများစွာသေခဲ့ရပြီး၊ လူဦးရေရပ်တံ့ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ မြန်မာပြည်တွင် မွန်ဂိုတပ်များကြောင့် ပထမမြန်မာအင်ပါယာ (ပုဂံထီးနန်း) ပျက်သုန်းခဲ့သည်။ ထိုနေရာ ပုဂံဒေသသည် အနော်ရထာမင်း၊ ကျန်စစ်မင်း တို့ဖြင့် ဘုရားပုထိုးပေါင်း ၄၄၄၆၇၃ ကို  လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း ဟု မှတ်တမ်းတင်ခဲ့သည်။ မြန်မာမင်းများ ထပ်မံနန်းမစိုက်တော့ပေ။ ဘုရင်စနစ်ကို တမ်းတသော စစ်ခေါင်းဆောင်များက မြန်မာခေတ်သစ်မြို့တော်ကို နေပြည်တော်သို့ရွှေ့ခဲ့သည်။
160 Years in Asia, Europe   44,000,000 km²


ပြင်သစ်အင်ပါယာ ၁၇-၂၀ရာစု၊ ၁၉၅၀အထိ ကျယ်ပြန့်ခဲ့သည်။
12,347,000 km²



ပထမဆုံး ရေကြောင်းအားဖြင့် ဥရောပတိုက်မှ နယ်မြေရှာ၊ အင်ပါယာချဲ့ ခဲ့သော စပိန်နှင့်ပေါ်တူဂီ ၂နိုင်ငံ ၁၅၈၀-၁၆၄၀ နှစ်ပေါင်း ၆၀အတွင်း အင်ပါယာထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဆက်လက်မထိန်းနိုပ်ခဲ့ပါ။ စပိန်ပိုင်နယ်များမှာ မက္ကဆီကို၊ အမေရိကန်အနောက်ဖက်ကမ်းနှင့်တက္ကဆက်၊ အလယ်ပိုင်းအမေရိကနိုင်ငံများ အာဖရိကအရှေ့ပိုင်း အာဂျင်တီးနား၊ ပီရူး၊ အာရှတွင် ဖိလစ်ပင်းတို့ဖြစ်သည်။ ပေါ်တူဂီသည် တောင်အမေရိကတွင် ဘရာဇီး၊ အာဖဖရိက တစ်ပါတ်လုံး၊ ကမ်းခြေမြို့နယ်များ၊ သီရိလင်္ကာနှင့်အိန္နိယကမ်းခြေမြို့များ၊ မလေးရှားကမ်းခြေ မလာကာမြို့ ..စသည့် ကမ်းခြေဒေသများဖြစ်သည်။

ဘီစီ၂၇ မှာ အေဒီ ၁၄၅၃အထိ ရောမအင်ပါယာကြီးစိုးခဲ့သည်။ ဥရောပနှင့်အာဖရိကမြောက်ပိုင်း ကမ္ဘာ့သမိုင်းမှတ်တမ်းများစွာ ဂရိ၊ရောမ၊အရှေ့အလယ်ပိုင်းများကို လွှမ်းမိုးခဲ့သည်။ ဒီမိုကရေစီစနစ်သုံးသော စစ်အင်အားကြီး အင်ပါယာဖြစ်သည်။ ဥရောပနိုင်ငံအားလုံးနီးပါး (အင်္ဂလန်မပါ) လွှမ်းမိုးခဲ့သည်။

ဂရိအင်ပါယာ (BC 808 – 306) နိုင်ငံဘုရင်ကြီး အလက်ဇန္ဒြာလက်ထက် BC336-323 အင်ပါယာကြီးသည်လည် ဂရိနိုင်ငံမှ အာရှ၊ အာဖရိကတိုက်ကို အချိန်တိုအတွင် ချဲထွင်နိုင်ခဲ့သည်။ ထိုစဉ်က ကြီးကျယ်လှသော ပါရှန်အင်ပါယာ (အီရန်) ကိုသိမ်းပိုက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရောမအင်ပါယာအောက်သို့ ဂရိများ ကျရောက်သွားခဲ့သည်။

အိန္နိယနိုင်ငံတွင် ဘုရင်အသောကဘုရင် လက်ထက်တွင် အကြီးမားဆုံး နယ်မြေချဲ့ထွင်နိုင်ခဲ့သည့်အပြင်၊ ဗုဒ္ဓဘာသာထွန်ကားခဲ့သည်။ နောက်ပိုင်းတွင် မဟာရာဂျာများအုပ်ချုပ်ရမှာ ဗြိတိလျှအင်ပါယာအောက်သို့ ရောက်ရှိသွားခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် တစည်းတလုံးတည်းဖြစ်ရန် ကြိုးစားခဲ့သော်လည်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ခ်ျ၊ သီရိလင်္ကာ စသည့် ဘာသာမတူသောနိုင်ငံများ သီးခြားပေါ်ထွက်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် အိန္နိယပြုပြင်ပြောင်းလဲမှုဖြင့် စီးပွားအင်အားကြီးနိုင်ငံအဖြစ် အင်ပါယာချဲ့ရန်ဖြစ်လာသည်။

အော်တိုမန်အင်ပါယာသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူတွင် အစပြုသည်။ ၁၃၀၀မှ နယ်ချဲ့လာပြီး ၁၅၀၀တွင် ဥရောပ၊အာရှ၊အာဖရိကတိုက်များ ဆုံရာဒေသတွင် နယ်မြေအကျယ်ဆုံးဖြစ်ခဲ့သည်။ တဖြေးဖြေးကျဆုံးလာပြီး ၁၉၂၃တွင် ဘုရင်စနစ်ကို ဖြုတ်ချပြီးနောက် အင်ပါယာအဆုံးသပ်ခဲ့သည်။
620 years, 4,000,000 km2


ဂျာမဏီအင်ပါယာ ၁၈၇၁ခုနှစ်မှာ စတင်ပေါ်ပေါက်လာသည်။ ဥရောပတွင် ထိပ်တန်းဖြစ်သော်လည်း ကိုလိုနီနယ်မြေမရှိသောကြောင့် ၂ကြိမ်တိုင်၊ စစ်ဆင်အင်ပါယာချဲ့ခဲ့ရာ ကမ္ဘာစစ်ကြီး၂ခု ဖြစ်ခဲ့သည်။ ၁၉၄၂တွင် ဥရောပတစ်တိုက်လုံးနီးပါး ဂျာမန်လက်အောက်သို့ ရောက်ခဲ့သော်လည်း အင်အားကြီးအမေရိကန် စစ်တွင်ပါဝင်လာသည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီး စီးပွားအင်အားဖြင့် အင်ပါယာချဲ့ထွင်နေဆဲဖြစ်သည်။
140 years,


ဂျပန်အင်ပါယာ ၁၈၅၀ခန့်က စတင်နယ်ချဲ့လာခဲ့သည်။  ၁၉-၂၀ ရာစု – ၁၉၄၂တွင် အကျယ်ပြန့်ဆုံးဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ရှုံးပြီးနောက် ကိုလိုနီနယ်မြေ အားလုံးကို စွန့်လွှတ်ခဲ့ရသည်။ စီးပွားအင်အားဖြင့် အင်ပါယာချဲ့ထွင်သော ၂၁ရာစုတွင် အမေရိကန်ပြီးလျှင့် ဒုတိယအကြီးဆုံး ဖြစ်လာသည်။ ၂၀၀၂တွင် တရုပ်စီးပွားရေးအင်ပါယာက ဂျပန်ကိုကျော်တက်သွားသဖြင့် ဂျပန်သည် အမေရိကန်၊တရုပ်ပြီးလျှင် တတိယအင်အားအကြီးဆုံးအဖြစ် ရပ်တည်လျှက်ရှိသည်။
160 years  7,400,000 km²


အမေရိကန်အင်ပါယာသည် လက်ရှိ စစ်ရေးနှင့် စီးပွားရေးတွင် ကမ္ဘာ့ နံပါတ်(၁) အပြတ်အသတ်ရှိနေသည်။ သို့သော်… စီးပွားရေးတွင် တရုပ်ပြည်မပါလျှင်မပြီးလောက်အောင် တကမ္ဘာလုံးက အားထားနေရလေပြီ။ နောင်အနှစ် ၃၀အထိတော့ အမေရိကန်အင်အားကြီးနေဦးမည် သေချာပါသည်။ ထို့အပြင် သေချာတာ တစ်ခုတော့ရှိပါသည်။ စီးပွားပြိုင်သောခေတ်တွင် ကျွန်ုပ်တို့ အနှစ်၃၀ခန့်အသက်ရှင်ရပါဦးမည်၊ စစ်ကြီးဖြစ်ဖို့ လမ်းနည်းသောကြောင့် စစ်ဖြင့်သေဖို့ လမ်းနည်းပါးပါသည်။
(အထက်ပုံ-အမေရိကန်တကမ္ဘာလုံးဖြန့်ထားသော စစ်အင်အား၊  အောက်ပုံ-တရုပ်နိုင်ငံ၏ တကမ္ဘာလုံးဖြန့်ထားသော စီးပွားကုန်သွယ်မှုအင်အား)။


နှစ်၂၅၀၀အတွင်း ကမ္ဘာ့အင်အားကြီး အင်ပါယာများ ဇယား

ဟိုး ရှေးခေတ်က စစ်ရေးအင်အားကြီးလျှင် အင်ပါယာချဲ့ထွင်နိုင်သည်။ ယခုခေတ်တွင် ပေါ်လာသော အနုမြူဗုံးကြောင့် စစ်အင်အားကြီးသူများ အင်ပါယာ အင်အားသုံး မချဲ့နိုင်ဖြစ်ရသည်။ အဆင့်မြင့် Management System သုံးပြီး ငွေအင်အားဖြင့် အင်ပါယာချဲ့ခြင်းကို ဒုတိယကမ္ဘာစစ် စစ်ရှုံး၂နိုင်ငံ၊ ဂျပန်၊ ဂျာမဏီတို့က လက်တွေ့ပြသလိုက်သည်။ ကွန်မြူနစ်အင်ပါယယ ခေါင်းဆောင် ရုရှားအင်ပါယာကြီး စီးပွားချွတ်ခြုံ ကျဆုံးသွားသောအခါ၊ တရုပ်ပြည်ခေါင်းဆောင်သစ်များက မဟာဗြူဟာ ပြောင်းလဲကြသည်။ အနှစ်၂၀အတွင်း တရုပ်ပြည်သည် ဂျပန်ကို စီးပွားရေးတွင် ကျော်လွှားသွားပြီး၊ စစ်အင်အားလည်း အလွန်ကြီးမားနေပြီဖြစ်သည်။ အိန္နိယနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများစွာ၊ စီးပွားအင်အားကြီးရန် စစ်သုံးစရိတ်ကို လျှော့ချ၊ ကြိုးစားနေသော ခေတ်ဖြစ်သည်။ အရှေ့တောင်အာရှတွင် စစ်အင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံ စစ်အင်အားမှ စီးပွားအင်အားသို့ ပြောင်းလဲနေပြီး၊ ဗီယက်နမ်ကွန်မြူနစ်များ ၁၉၉၈တွင် စီးပွားပြုပြင်ပြောင်းလဲသည်။ နောက်ဆုံး မြန်မာ ၂၀၁၁တွင် ပြုပြင်ပြောင်းလဲမှု စပါသည်။

ဘုရင်နောင်လက်ထက်မြန်မာအင်ပါယာ (အစိမ်း) နှင့် ဘုရင်နောင်ကွယ်လွန်ပြီး ထိုင်းအင်ပါယာ (အ၀ါ)

မြန်မာအင်ပါယာ Burmese Kingdom
အနော်ရထာမင်း ပုဂံမြို့တော်မှ AD 849 တွင် စတင်ခဲ့သည်။ နှစ်ပေါင်း ၄၅၀ခန့် တည့်တံ့ခဲ့ပြီး၊ မွန်ဂိုအင်ပါယာ ကျုးကျော်မှုကြောင့် စစ်ရှုံးပြိး၊ မင်းဆက်ပျောက်ခဲ့သည်။ တောင်ငူမင်းဆက် ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၂၇၀ခန့်အုပ်စိုးခဲ့သည်။ ပြည်တွင်း မွန်-မြန်မာ တိုက်ပွဲများဖြင့် 1752 တွင် မင်းဆက်ပျက်ခဲ့ရပြန်သည်။ စစ်အင်အားကြီးသူ အလောင်းဘုရား ကုန်းဘောင်မင်းဆက် AD1752 စတင်ခဲ့သည်။ နှစ်၇၀ကြာ ကုန်းဘောင်မင်းဆက်တွင် ကျူးကျော်သူ တရုပ်ကို ၄ကြိမ် အနိုင်တိုက်ခိုက်ခဲ့သည်။ ထိုင်း၊အာသံ၊မဏိပူရ၊ နာဂ၊ ရခိုင် စသည့်နိုင်ငံများကို စစ်နိုင်ခဲ့သည်။

တိုအချိန်က အင်အားကြီးမားလှသော အင်္ဂလိပ်အင်ပါယာကို စစ်အင်အားဖြင့်ယှဉ်ပြိုင်ခဲ့ရမှ အနှစ်၆၀ကာလ  ၁၈၂၄၊ ၁၉၅၂၊ ၁၉၈၆ အင်္ဂလိပ်မြန်မာစစ်ပွဲများ၊ အင်္ဂလိပ်က မြန်မာဘုရင်ကိုဖမ်းဆီးနိုင်ပြီး၊ မင်းဆက်ပျောက်ခဲ့ရသည်။
အင်္ဂလိပ်လက်အောက်တွင် ၁၈၈၅-၁၉၄၈ နှစ်ပေါင်း ၆၃နှစ် ကြာခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့တပ်မတော် ပေါ်ထွက်လာသည်။
စတ္တုထမြန်မာနိုင်ငံဟု သမိုင်းတွင်ခဲ့သည်။ အင်္ဂလိပ်၊ ဂျပန်တို့ထံမှ လွတ်လပ်ရေးရယူခဲ့ပြီး ၁၉၄၈-၂၀၁၁ နှစ်ပေါင်း ၆၃နှစ် ကိုယ့်ထီးကိုယ်နန်းအုပ်ချုပ်ခဲ့သည်။ တနည်းအားဖြင့် စစ်ဝါဒီအစိုးရ (စစ်ဗိုလ်ချုပ်များ) အုပ်ချုပ်ခဲ့သည့်
၁၉၆၂နောက်ပိုင်း မြန်မာပြည်သည်၊ အရှေ့တောင်အာရှအဆင်းရဲ့ဆုံးဖြစ်ရုံမက၊ ကမ္ဘာ့အဆင်းရဲ့ဆုံးဖြစ်သွားခဲ့ရသည်။ ကမ္ဘာနှင့် နှစ်၅၀ အဆက်ပြတ်သွားရသည်။
ယခုအခါ ပြုပြင်ပြောင်းလဲလိုသော စစ်ဗိုလ်ချုပ်ဟောင်းများ ခေါင်းဆောင်နေသည်။ စစ်ဝါဒီဖြစ်ပါစေ စစ်မှန်သောအမျိုးသားစိတ် (နိုင်ငံသားချင်းအနိုင်မကျင့်သောစိတ်) ရှိသော Nationalist များအာဏာ ရရှိရန်လိုပါသည်။
အင်ပါယာကြီးများ နှစ်ပေါင်းများစွာ တည်တံ့၊ စည်ပင်တိုးတက်ခြင်းတွင်၊ လူ့အခွင့်အရေးပေးခြင်း၊ သူတို့၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့များကို ဆက်လက်ကျင့်သုံးခွင့်ပေးခြင်းသည် အဓိက ဖြစ်သည်။ ရောမအင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်ရှိ၊ လူမျိုး၊ ဘာသာ၊ စာပေများ ပျောက်မသွားပါ။ ရောမအုပ်ချုပ်ရေးစနစ်ကို နာခံ၊ အခွန်ဆောင်၊ ဒါပဲ အဓိကဖြစ်သည်။ တူရကီအော်တိုမန် အင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်များလည်း ထို့အတူ။ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို ဆက်လက်ကျင့်သုံးခွင့်ရသည်။ တူရကီက မူဆလင်ဆိုပြီး၊ အားလုံးမူဆလင်ကိုးကွယ်ရမယ်..ဟု အတင်းကျပ်မလုပ်ပါ။ ဗြိတိသျှအင်ပါယာအောက် ကျရောက်သွားသော ဗုဒ္ဓဘာသာနိုင်ငံ၊ ဟိဒ္ဒြူနိုင်ငံ၊ မူဆလင်နိုင်ငံ ..အားလုံးကို နေမြဲအတိုင်း ဘာသာ၊စာပေ၊ယဉ်ကျေးမှုများ ဆက်လက်ကျင့်သုံးစေပါသည်။
အင်ပါယာကို ကြီးထွားလိုပါက နံပါတ်(၁)အချက်ဖြစ်သော စစ်အင်အားကြီးမားမှုကို တည်ဆောက်ရမည်ဖြစ်သည်။ ထိုအချက်ကို စစ်အာဏာရှင်စနစ် မုန်းတီးသော မြန်မာများက သဘောကျမည်မဟုတ်ပါ။ သို့သော် အင်ပါယာတစ်ခု တည်ထောင်ပါက စစ်အင်အားကြီးရမည်။ ရောမအင်ပါယာကြီး နှစ်ထောင်ချီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့စဉ်က စစ်နိုင်ပြန်လာသော စစ်ဗိုလ်ချုပ်ကြီးများ ဧကရာဇ်ဖြစ်လေ့ရှိသည်။ သို့သော် ဧကရာဇ်က လုပ်ချင်တိုင်းလုပ်ခွင့်ကို ပါလီမန်ကမပေးပါ။
ရှေးခေတ်က ရောမတို့သည် အောင်ပွဲမှပြန်လာသော  စစ်ဗိုလ်ချုပ်ကြီးအား ကြိုဆိုပြီး မြို့ထဲ စီတန်းလှည့်လည်လေ့ရှိသည်။ စီတန်း လှည့်လည်သူများတွင် စစ်သည်များနှင့် အောင်မြင်မှု သက်သေအဖြစ် ဖမ်းဆီးခဲ့သော အကျဉ်းသားများ ပါဝင်သည်။ သူရဲကောင်းတို့၏ အောင်မြင်မှု ကို ပရိသတ်လူထုကြီးက ဝမ်းမြောက် ပျော်ရွှင်စွာ သြဘာပေးကြသည်။ (တစ်မြို့လုံးအနှံ့ လှည့်လည်ပြီး) လူထု၏ ချီးမြှောက်မှုကို ခံစား နေရချိန်တွင် ဗိုလ်ချုပ်ကြီး စိတ်ကြီးမဝင်အောင် သူ့မြင်းရထားဘေးတွင် ကျွန်တစ်ဦးလိုက်ပါကာ “မင်းလည်း သေမျိုးပဲ” ဟူ၍ သူကြားအောင် တီးတိုးရေရွတ်ပေးသည်။ ရောမအင်ပါယာကြီး အဓွန့်ရှည်အောင် စစ်နိုင်ဗိုလ်ချုပ်ကြီးများကို ထိုကဲ့သို့ ထိန်းပေးသည် စနစ်ကို ဂျူလီယက်ဆီဇာက အာဏာရှင်တည်ထောင်ရန် ကြိုးစားသဖြင့် လုပ်ကြံခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ စစ်အင်အားသည် တိုင်းပြည်ထူထောင်ရာတွင် အဓိကဖြစ်သည်။ ယခုအစိုးရသစ်သည် စစ်လက်နက်များစွာ ရုရှား၊ ယူကရိန်းတို့မှ ၀ယ်ယူနေရသည်။ စစ်အင်အားအရေးကြီးကြောင်းကို အရှေ့တောင်အာရှ စစ်သုံးဘတ်ဂျတ်ဇယားဖြင့်ကြည့်ပါ။
 
Ref: Wikipdeia 2011 Data (SIPRI Stockholm, Sweden)

ထိုဇယားအရ ကမ္ဘာ့အင်ပါယာကြီးများ စစ်သုံးစရိတ်မှာ ကြီးလေးလှသည်။ အမေရိကန်၊ တရုပ်၊ ရုရှားတို့ စစ်သုံးစရိတ်ကြီးခြင်းမှာ သူတို့၏ သယံဇာတများကို စနစ်တကျ သုံးနိုင်အောင်ကြိုးစားရသည်။ ခြစားမှုများကို နည်းပါးစေရသည်။
အရှေ့တောင်အာရှတွင်ကြည့်ပါက မြန်မာနိုင်ငံစစ်သုံးစရိတ်နှင့် စစ်အင်အားသည် သိပ်မများလှပါ ဟု ပြောနိုင်သည်။ သို့သော် မြန်မာနိုင်ငံ GDP မှာ အလွန်နည်းသည်။ ဆင်းရဲမွဲတေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်သုံးစရိတ် Us$ 1.1 billion ပမာဏသည် အခြားနိုင်ငံများနှင့် ယှဉ်ပါက၊ မများပဲ နည်းလွန်းသလိုဖြစ်နေသော်လည်။ % of GDP တွင် ၂၂% ဖြစ်နေခြင်းမှာ လွန်လွန်းအားကြီးလှပေသည်။
စစ်ခေါင်းဆောင် (ကာ/ချုပ်၊ ကာ/လုံ စသည့် မြန်မာ့စစ်အာဏာရှင်အဖွဲ့အစည်း) အမေရိကန်သို့ မကြာခဏ သွားရောက်၊ ပညာသင်၊ လေ့လာရေး စေလွှတ်သင့်ကြောင်း၊ သူတို့ စစ်သားများ ၄သိန်းကို ဦးပိုင်အလုပ်ရုံများတွင် အလုပ်ခန့်ထားရန်အတွက် ဦးပိုင်အုပ်ချုပ်ရန် ဦးတေဇ (သို့မဟုတ်) ဦးဇော်ဇော်ကို ကမ္ဘာ့ CEO လစာငွေနှင့်အညီ ဒေါ်လာ၂သန်းခန့် ပေးပြီး၊ ဦးပိုင်ကို ပြုပြင်ပြောင်းလဲ၊ စီးပွားရေးလုပ်မှသာ စစ်သား၎သိန်းနှင့် မြန်မာ့တပ်မတော်ကြီး စီးပွားတောင့်၊ အင်အားတောင့်၊ အမေရိကန် အမ်အိုင်ဂျီ (သို့မဟုတ်) ရုရှားမီးရပ်ဂျတ်နှင့်ဒုံးပျံလက်နက်များ ၀ယ်ယူနိုင်မည်ဟု စဉ်းစားနေမိပါသည်။
အင်ပါယာကို ခေါင်းဆောင်မည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ပုဂ္ဂိုလ်ထူးများသည်

- အာဏာပိုင် မြန်မာပြည်အတွက် ကာ/လုံ အဖွဲ့ဝင်များ)သည်..စီးပွားရေးမလုပ်သင့်။
(သူ့မိသားစုသည် ဦးပိုင်ရှယ်ယာမှာ လုံလောက်ပေသည်။)

- စီးပွားလုပ်သူ သူဌေးသည် အမြတ်ရဖို့၊ အင်ပါယာကိုအခွန်ဆောင်ရမည်
- ပညာရေးထူးချွန်သူများကို အင်ပါယာက စောင့်ရှောက်ပေးရမည်။
မိမိတိုင်းပြည်တွင်းရှိသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုများထိန်းသိမ်းထားရန်အတွက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးပင်ဖြစ်သည်။ Human Resource ကိုယ်ပိုင်အုပ်ချုပ်နိုင်သူများ နေရာပေးဖို့ အထူးလိုနေပါသည်။ အင်ဒိုနီးရှား Aceh ပုံစံ၊ တရုပ်ပြည် လူမျိုးစုပြည်နယ်များပုံစံများကို လေ့လာနိုင်ပါသည်။ တောင်ကိုးရီးယားနိုင်ငံသည် ညူကလီယာပိုင်သော မြောက်ကိုးရီးယားခြိမ်းခြောက်မှုများဖြင့် အတူနေထိုင်ရင်း၊ ကမ္ဘာ့ထိပ်တန်း တက်သွားပါသည်။
တောင်ကိုးရီးယား ခေါင်းဆောင်များစိတ်ဓါတ် မြန်မာခေါင်းဆောင်များရှိလျှင် တိုင်ရင်းသားလက်နက်ကိုင်များ ဆိုးဝါးနေပါစေ၊ မြန်မာခေါင်းဆောင်ကောင်းများကြောင့် မြန်မာပြည်ပြန်လည် လန်းဆန်းလာနိုင်ပါသည်။ မြန်မာအစိုးရ အကြီးတန်းခေါင်းဆောင်များ တောင်ကိုးရီးယားသို့ ရက်ရှည်၊ လေ့လာရေး စေလွှတ်နေသည်ဟု ဆိုသည်။ ဤအအတိုင်း ကိုးရီးယားများထံမှ အုပ်ချုပ်ရေးပညာ (လူသားအရင်းအမြစ်) လေ့လာတတ်မြောက်နိုင်မည့် အလားအလာ ကောင်းသည်။ အမေရိကန်၊ ဂျပန်၊ တရုပ်ပြည်နယ်များကို သွားလေ့လာနေစရာမလိုပါ။ မြန်မာများစွာ အလုပ်လုပ်နေသော၊ ထိုင်း၊ မလေးရှားပြည်နယ်များကိုသာ တစ်ပါတ် နှစ်ပါတ် လေ့လာရေး၊များများ စေလွှတ်၊ လေ့လာစေပါက မြန်မာအင်ပါယာကြီး သာယာဝပြောလာမည်..ဟု ရိုးသားစွာ မျှော်လင့်မိပါကြောင်း။

Tuesday, June 17, 2014

အိမ်​ခြံ​မြေ၀ယ်​မယ်​ဆိုရင်

အရပ်ကတိစာချုပ်နှင့် အိမ်မြေ၀ယ်ယူခြင်း
ကိုဖြူ။ ကနေ့အိမ်မြေတွေကို အရပ်စာချုပ်နဲ့ပဲ ၀ယ်နေကြတာတွေ့နေရတယ်ဆရာ။ အကျိုးအပြစ်ပြောပြပါ။
ယူတီကေ။ ဥပဒေအရ၊ ကျပ်တစ်သိန်းနဲ့အထက် မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင်ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။
(၁) စာချုပ်ချုပ်ရမယ်။
(၂) ၀ယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်းထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။
ဒါမှသာ အပြည့်အ၀၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်းဖြစ်ကြောင်း၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊ အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌာန်းထားတယ်။ ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ၀ယ်ယူ ပြီးနောက် ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ၀ယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊ ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။ ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇ၀င် ထွက်လာပါမယ်။ ဒါဆိုရင် မိမိက၀ယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
အပြည့်အ၀ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အ၀ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။ ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။ ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။ မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။ ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။ နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။
ကိုဖြူမေးတဲ့ “အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း” ဟာ အပြည့်အ၀ဆောင်ရွက်ခြင်း၊ ၀ယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။ အကြောင်းက -
(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။
(၂) တံဆိပ်ခေါင်းခွန် (၇%) ထမ်းဆောင်မထားဘူး။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်းလျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။
(၅) မြေပုံ၊ မြေရာဇ၀င်မှာ မိမိအမည်မပေါက်ဘူး။
ဒီလိုအရပ်စာချုပ်နဲ့သာ ၀ယ်ယူထားခြင်းကို “တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။ အပြည့်အ၀ဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။ မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။ ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ်ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။ ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။ ရောင်းချခဲ့ရင်လည်း ၀ယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။ ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှုဆိုလာရင်တော့ သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။ ကိုယ့်ကို နင်ထုတ်လို့မရဘူး။ ဒါကြောင့် “တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ၀ယ်ယူခြင်းဟာ ဓားအဖြစ်ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံ ကာကွယ်နိုင်တယ်” ။ (PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌာန်းချက်ကို တင်ပြရတာပါ။
ကနေ့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာ အိမ်မြေအရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုကြတာ အတော်နည်းသွား တယ်။ (၉၀%)လောက် လျော့နည်းသွားတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အိမ်မြေတွေကတော့ နေ့စဉ်နဲ့အမျှ အရောင်းအ၀ယ် ဖြစ်နေကြတယ်။ သူတို့ ဘယ်လိုအရောင်းအ၀ယ်လုပ်နေကြပါတယ်။
တွေ့ရတာကတော့ ကနေ့ အိမ်မြေအရောင်းအ၀ယ်စာချုပ်နဲ့ ပတ်သက်လို့ ညွှန်ကြားချက်အရ
(၁) ရောင်းသူ၊ ၀ယ်သူဟာ အရောင်းအ၀ယ်စာချုပ်ကြမ်းတင်ပြရတယ်။
(၂) တန်ဖိုးစိစစ်တဲ့အဖွဲ့က အိမ်မြေရဲ့ ဇုန်နှုန်းသတ်မှတ်ချက်အရ တန်ဖိုးသတ်မှတ်တယ်။
(၃) အခွန်ရုံးက ဒီတန်ဖိုးအလျောက်ရောင်းသူ (၁၀%) ၀ယ်ယူ (၃၀%) အခွန်ဆောင်ဖို့ ပြေစာထုတ်ပေးတယ်။ အခွန် ဆောင်ရတယ်။
(၄) အခွန်ဆောင်ပြီးမှ သတ်မှတ်တန်ဖိုးအတွက် တံဆိပ်ခေါင်း(၇%) ၀ယ်ခွင့်ပြုတယ်။ ၀ယ်ရတယ်။
(၅) နောက်စာချုပ်ကို မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေးပေးသွင်းပြီး မှတ်ပုံတင်ကြရတယ်။
ဥပမာအားဖြင့် - မြို့ထဲက အိမ်မြေတစ်ခုကို တန်ဖိုးကျပ်သိန်း (၁၀၀၀၀)နဲ့ ရောင်းကြ ၀ယ်ကြတယ်ဆိုရင် -
(၁) ရောင်းသူအခွန် ကျပ်သိန်း (၁၀၀၀)
(၂) ၀ယ်သူအခွန်း ကျပ်သိန်း (၃၀၀၀)
(၃) စာချုပ်ခေါင်းဖိုးကျပ် သိန်း (၇၀၀)
စုစုပေါင်းကျပ်သိန်း (၄၇၀၀) အရင်အစိုးရထံအရင်ပေးသွင်းမှ စာချုပ်ကို မှတ်ပုံတင်ရုံးကို တင်ပြလို့ရပါလိမ့်မယ်။ မှတ်ပုံတင်ကြေး၊ အခြားကုန်ကျစရိတ်၊ ရှေ့နေခ စတာတွေမပါသေးဘူး။ ပြီးတော့ မိမိအမည်ပေါက်ဂရန်၊ မြေပုံ၊ မြေရာဇ၀င်ရဖို့ ထပ်ကုန်ကြရဦးမယ်။ ဒီလုပ်ထုံးလုပ်နည်းဟာ သက်ဆိုင်ရာက နောက်ဆုံးညွှန်ကြားတဲ့အခွန်နှုန်းထားနဲ့ လုပ်ထုံးလုပ်နည်းလို့ သိရပါတယ်။
ရောင်းမယ့်သူ၊ ၀ယ်မယ့်သူတွေဟာ ဒီလောက်ငွေတွေ အစိုးရထံကြိုတင်ဆောင်ထားကြဖို့ အတော်နားချယူရဦးမယ် ထင် ပါတယ်။
ရောင်းသူဟာလည်း ရောင်းကြေးကျပ်သိန်း (၁၀၀၀၀)သာ ရမယ်။ ဒါပေမဲ့ ခွဲဝေယူရမယ့်မောင်နှမက (၅)ဦး အကြွေးတွေ ရှိသေးတယ်။ ဒီ(၅)ယောက်က မြို့ပြင်၊ မြို့သစ်မှာ အိမ်ငယ်လေးတစ်လုံးစီ ပြန်ဝယ်ကြရဦးမယ်။ မိဘရည်စူးပြီး အလှူအတန်းက လည်း လုပ်ချင်သေးတယ်။ ဒီတော့ သိန်း(၁၀၀၀) ရောင်းခွန်ဆောင်ဖို့တိုက်တွန်းရတာ အတော်ခက်ပါတယ်။
ဝယ်ယူဘက်ကလည်း ၀ယ်ကြေးက ကျပ်သိန်း(၁၀၀၀၀)ပေးရမယ်။ ၀ယ်ခွန်က ကျပ်သိန်း(၃၀၀၀)၊စာချုပ်ခေါင်းဖိုးကျပ် သိန်း(၇၀၀) အခြားရုံးကိစ္စ၊ မှတ်ပုံတင်ကြေး ရှေ့နေခ၊ အမည်ပြောင်း၊ အတွက်ကုန်ကျဦးမယ့်ငွေ၊ စုစုပေါင်း ကျပ်သိန်း(၄၀၀၀) ထက် မနည်းဘူး။ စုစုပေါင်း အိမ်မြေပိုင်ခွင့်ရဖို့အတွက် တန်ဖိုးက သိန်း(၁၀၀၀) + (၄၀၀၀) သိန်း (၁၄၀၀၀)ရှိမှ တရားဝင် ပိုင်ဆိုင်ခွင့်ရတော့မယ့် အခြေအနေပဲ။
အခွန်နှုန်းထားသစ်နဲ့ အိမ်မြေ၀ယ်သူတွေဟာ ကြောင်နဲ့ကြွက် လိုက်တန်းပြေးတမ်းကစားသလို အခွန်ရှောင်ဖို့ စဉ်းစား လာကြတယ်။ (၉၀%)က အိမ်မြေတွေကို ဘယ်လိုဝယ်နေကြသလဲ။
(၁) အရပ်ကတိစာချုပ်နဲ့ ငွေပြေချေဝယ်ယူတယ်။
(၂) ရောင်းသူဝယ်သူ လက်မှတ်ထိုး၊ သက်သေလက်မှတ်ထိုးကြတယ်။
(၃) အိမ်မြေကို ၀ယ်သူလက်ရောက်ရယူတယ်။
(၄) အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်စာချုပ်၊ ဂရန်မူရင်းတွေဝယ်သူ ရယူတယ်။
(၅) ရောင်းသူဟာ ဒီအိမ်မြေနဲ့ မဆိုင်တော့ပါကြောင်း၊ ၀ယ်သူကို ရောင်းချပြီးကြောင်း ကျမ်းကျိန်ချက် လုပ်ယူထား တယ်။
(၆) ရောင်းသူက ၀ယ်သူကို (SPECIAL / GENERAL POWER) အထူးကိုယ်စားလှယ်စာ၊ အထွေထွေကိုယ်စားလှယ်ကို မှတ်ပုံတင်ရုံးမှာ လုပ်ပေးတယ်။ ဒါတွေကတော့ ကနေ့ လက်တွေ့ဖြစ်ပျက်နေတာပါ။
ကိုဖြူ။ အကျိုးအပြစ်ပြောပြပါ။
ယူတီကေ။ အမှန်တကယ်ဝယ်ဈေးက ကျပ်သိန်း(၁၀၀၀၀)ဖြစ်ပေမဲ့၊ တန်ဖိုးဖြတ်အဖွဲ့ရဲ့ သတ်မှတ်ချက်က (၁၅၀၀၀)/ (၂၀၀၀၀)သိန်းလို့ ဖြတ်လိုက်မှာကို။ ရောင်းသူဝယ်သူတွေက စိုးရိမ်နေကြတယ်။ ဖြစ်နိုင်တာပဲ။ ဒါဆိုရင် ကုန်ကျစရိတ်နဲ့အခွန် နှစ်ဆဖြစ်သွားမယ်။ ဒါကြောင့်ဝယ်သူတွေက အထက်ကအတိုင်းလုပ်ထားပြီး အခြေအနေစောင့်နေကြတယ်။ (၉၀%) အခွန်အခ မရဘဲ ဆိုင်းငံ့သွားတယ်။ နိုင်ငံတော်နစ်နာတယ်။
ကိုဖြူ။ အရပ်စာချုပ်နဲ့ဝယ်ထားတဲ့လူတွေကော ဘာဆုံးရှုံးနိုင်သလဲ။
ယူတီကေ ။ ၀ယ်သူတွေအတွက် စာချုပ်ချုပ်ဆိုပေးတဲ့ ရှေ့နေတွေရှိပါတယ်။ ၀ယ်သူမနစ်နာအောင် တတ်နိုင်သမျှတော့ အကုန်လုပ်ထားကြတာပါပဲ။ ဒါပေမဲ့ “ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ပါဘူး။ ဖြစ်လာရင်တော့ ဘာမဆိုဖြစ်သွားနိုင်တယ်” ဆိုတဲ့ ဥပဒေရှိတယ်လေ။ ဥပမာ (S.P/GP) ပေးထားတဲ့သူ၊ ယူထားတဲ့သူ သေသွားရင်၊ ရူးသွားရင်၊ ပြန်ရုပ်သိမ်းရင် ပြဿနာစပေါ်တာ ပေါ့။ အမှုတွေဖြစ်လာရင်တော့ ရှေ့နေတွေအလုပ်ဖြစ်ကြတာပေါ့ဗျာ။ အခွန်ကောက်ခံသူ၊ အခွန်ထမ်းသူနှစ်ဦးနှစ်ဖက်စိတ်ဓာတ် MINDSET တွေပြင်ကြရင်တော့ ကောင်းသွားမှာပါ။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
မှု့ခင်းသတင်းဂျာနယ်(၅-၂-၂၀၁၄)

စပါယ်​ရှပါဝါ

ကိုယ်စားလှယ်လွှဲစာအကြောင်း
ကိုဖြူ။ ကိုယ်စားလှယ်လွှဲစာ ဆိုတာ ဘာလဲဆရာ၊ ရှင်းပြပေးပါ။
ယူတီကေ။ သူတစ်ပါးကို မိမိကိုယ်စားဆောင်ရွက်ပေးဖို့ အာဏာလွှဲအပ်ပေးတဲ့စာကို၊ ကိုယ်စားလှယ်လွှဲစာ (POWER OF ATTORNEY) လို့ခေါ်တယ်။
ကိုယ်စားလှယ်အကြောင်းကို ပဋိညာဉ်အက်ဥပဒေပုဒ်မ (၁၈၂ - ၂၃၈)မှာ ပြဋ္ဌာန်းထားတယ်။ သာမန်ပြည်သူများနား လည်နိုင်အောင် ဥပဒေပြဋ္ဌာန်းချက်တွေကို ရေးသားတင်ပြပါမယ်။
လူသားတွေမှာကိစ္စအသီးသီးကို မိမိကိုယ်တိုင်မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုး၊ မိမိကိုယ်တိုင်မသွားရောက်နိုင်တဲ့ အခါမျိုး၊ မိမိကိုယ်တိုင် မဆောင်ရွက်နိုင်၊ မဆောင်ရွက်သင့်တဲ့အခါမျိုးရှိတတ်တယ်။ ဒီလိုကိစ္စအမျိုးမျိုးအတွက် မိမိကိုယ်စား တစ်ဦးတစ်ယောက်ကို လွှဲအပ်တာကို ဥပဒေကခွင့်ပြုထားတယ်။ အခြားလူသူတစ်ယောက် (တတိယပုဂ္ဂိုလ်)နဲ့ ဆက်သွယ်၊ ပြောကြား၊ ဆောင်ရွက်တဲ့ကိစ္စမှာ မိမိကိုယ်စားပြုဖို့အတွက် ကိုယ်စားလှယ်ခန့်ရတတ်တယ်။ ဒီလိုကိုယ်စားလှယ်လွှဲအပ်၊ ခန့်အပ်တဲ့လူကို အကြီးအကဲ (PRINCIPAL) လို့ခေါ်သည်။ ကိစ္စအသီးသီးဆောင်ရွက်စေရန်၊ ကိုယ်စားပြုရန်ခန့်အပ်ခြင်းခံသူကို ကိုယ်စားလှယ် (AGENT) လို့ခေါ်တယ်။ ဒါကိုတော့ သိထားရပါမယ်။
အကြီးအကဲ ။ PRINCIPAL (ကိုယ်စားလှယ်ခန့်နိုင်သူ)
သက်ဆိုင်ရာဥပဒေအရ၊ အရွယ်ရောက်ပြီးသူ၊ စိတ်ပေါ့သွပ်သူမဟုတ်ရင် (မိမိကိုယ်စား၊ အခြားသူကို) ကိုယ်စားလှယ်ခန့် နိုင်တယ်။ (ပုဒ်မ - ၁၈၃)
ကိုယ်စားလှယ် ။ AGENT (ကိုယ်စားလှယ်ခန့်ထားခံရသူ)
မည်သူ့ကိုမဆို ကိုယ်စားလှယ်အဖြစ်ခန့်အပ်နိုင်တယ်။ အရွယ်မရောက်သေးသူ၊ စိတ်ပေါ့သွပ်သူကိုလည်း ကိုယ်စားလှယ်ခန့်အပ်နိုင်တယ်။ ဒါပေမယ့် (ငယ်၊ ရူး)သူကိုယ်စားလှယ်ဟာ သူ့ကိုခန့်ထားတဲ့ အကြီးအကဲကိုဖြစ်စေ၊ အခြားသူ (တတိယလူ)ကိုဖြစ်စေ တာဝန်မရှိဘူး။ (ပုဒ်မ ၁၈၄)
အပေးအယူ ။ ကိုယ်စားလှယ်ခန့်ထားရန်အတွက် မည်သည့် အပေးအယူ၊ အဖိုးစားနားမျှ မလိုပါ။ (ပုဒ်မ -၁၈၅) NO CONSIDERATION
လွှဲအပ်သည့်ကိစ္စ ။
(က) အမှုကိစ္စအတွက်လွှဲအပ်ခံရတဲ့ ကိုယ်စားလှယ်ဟာ ၎င်းအမူကိစ္စအတွက် လိုအပ်တဲ့၊ ဥပဒေနဲ့ ညီညွတ်တဲ့ ကိစ္စဟူ သရွေ့ဆောင်ရွက်ရန် အခွင့်အာဏာရှိတယ်။ (ပုဒ်မ - ၁၈၈) လွှဲအပ်တဲ့အမှုကိစ္စအတွက် ရှေ့နေငှားရမ်းနိုင်တယ်။
(ခ) စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ရန် လွှဲအပ်ခံရတဲ့ ကိုယ်စားလှယ်ဟာ လုပ်ငန်းရဲ့လုပ်ကိုင်ရမြဲဖြစ်တဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ကိစ္စဟူသရွေ့ဆောင်ရွက်ရန်အခွင့် အာဏာရှိတယ်။ (၁၈၈)
(ဂ) ကိုယ်စားလှယ်ဟာ အရေးပေါ်ကိစ္စမှာ မိမိရဲ့ အကြီးအကဲ၌ ဆုံးရှုံးမှုမရှိအောင် ကာကွယ်ရန်အခွင့်အာဏာရှိတယ်။ (ပုဒ်မ - ၁၈၉)

ကိုယ်စားလှယ်လွှဲစာ (၂)မျိုး၊ (S.P) (G.P)
(၁) အထူးကိုယ်စားလှယ်လွှဲစာ ။ SPECIAL POWER OF ATTORNEY (S.P)
လုပ်ငန်းသဘောအရ၊ သီးခြားလုပ်ငန်းကိစ္စတစ်ခုတည်းအတွက် ဆောင်ရွက်ဖို့လွှဲအပ်တဲ့ကိုယ်စားလှယ်စာဖြစ်တယ်။ ဒီလို အထူးကိုယ်စားလှယ်စာမျိုးဟာ လွှဲအပ်တာဝန်ပေးထားတဲ့ လုပ်ငန်းဆောင်ရွက်ပြီးစီးတာနဲ့ အလိုလိုလုပ်ပိုင်ခွင့်အာဏာ (အသက်) ကုန်သွားပါတယ်။ တံဆိပ်ခေါင်းခွန်ငွေကျပ် (၁ဝဝဝ) ကပ်ရတယ်။
(၂) အထွေထွေကိုယ်စားလှယ်လွှဲစာ။ GENERAL POW ER OF ATTORNEY (G.P)
တစ်ခုထက်ပိုတဲ့ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ လွှဲအပ်တဲ့ကိုယ်စားလှယ်စာဖြစ်တယ်။ ဒီကိုယ်စားလှယ်စာဟာ အသက်ပြင်းတယ်။ ကိုယ်စားလှယ်လွှဲစာထဲမှာ ဖော်ပြထားတဲ့ကိစ္စအရပ်ရပ်အားလုံးကို ဆောင်ရွက်နိုင်တယ်။ ဒီကိုယ်စားလှယ်လွှဲ စာဟာ ပုဒ်မ (၂ဝ၁)မှာ ပြဋ္ဌာန်းထားတဲ့အချက်တွေအရသာလျှင် ကိုယ်စားလှယ်စာ အသက်မဝင်၊ ရပ်စဲသွားပါတယ်။ တံဆိပ်ခေါင်းခွန်ငွေကျပ် (၄ဝဝဝ)ကပ်ရပါတယ်။
ဘယ်သူ့ရှေ့မှာ ကိုယ်စားလှယ်လွှဲအပ်ရမလဲ။
(က) မရွှေ့ပြောင်းနိုင်တဲ့ (အိမ်၊ မြေ) လွှဲပြောင်းခြင်း၊ မှတ်ပုံတင်ခြင်းတို့အတွက် ကိုယ်စားလှယ်ကတစ်ဆင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမယ်ဆိုရင်၊ ကိုယ်စားလှယ်လွှဲစာကို လွှဲအပ်သူ (အကြီးအကဲ)နေထိုင်ရာ ဒေသမှာရှိတဲ့ မှတ်ပုံတင်အရာရှိထံမှာ ကိုယ်စားလှယ်လွှဲအပ်ရမယ်။ (စာချုပ်စာတမ်းမှတ်ပုံတင်အက် ဥပဒေပုဒ်မ - ၃၃ (၁)(က))
(ခ) လွှဲအပ်သူ (အကြီးအကဲ) မည်သည့်အရပ်ဒေသမှာရောက်နေနေ၊ ရောက်ရှိရာဒေသက တရားသူကြီးတစ်ဦးဦးရှေ့ မှာ လွှဲအပ်နိုင်တယ်။ (တရားသူကြီးက လတ်မှတ်ရေးထိုးရမယ်)။
(ဂ) လွှဲအပ်သူ (အကြီးအကဲ)ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပြင်ပမှာ ရောက်ရှိနေပါက၊ နိုတြီပဗ္ဗလစ်တစ်ဦးဦးရှေ့၊ သို့မဟုတ် တရားသူကြီးတစ်ဦးဦးရှေ့မှာလွဲအပ်ပြီး၊ မြန်မာနိုင်ငံသံရုံးက တာဝန်ခံအရာရှိတစ်ဦးဦးက မှန်ကန်ကြောင်း လက်မှတ်ရေး ထိုးလွှဲအပ်ရမယ်။
(ဃ) အထက်အပိုဒ်(က)ပါ၊ မရွှေမပြောင်းနိုင်တဲ့ပစ္စည်း လွှဲပြောင်းခြင်းမဟုတ်ရင်၊ ကိုယ်စားလှယ်စာဟာ မလွဲမသွေ မှတ်ပုံတင်ရမယ့် စာချုပ်စာတမ်းမဟုတ်ဘူး။ ဒီအတိုင်းတရားဝင်တယ်။
(င) အထက်အပိုဒ် (က)(ခ)(ဂ)ပါ ပုဂ္ဂိုလ်များရှေ့မှာ ချုပ်ဆိုလွှဲအပ်ထားတဲ့ ကိုယ်စားလှယ်စာတွေဟာ ကိုယ်စားလှယ်လွှဲ အပ်ခဲ့သော “မှန်တယ်လို့မှတ်ယူရတယ်” (SHALL PRESUME) (သက်သေခံ အက်ဥပဒေပုဒ်မ - ၈၅)
(စ) ကိုယ်စားလှယ်လွှဲတာမမှန်ပါဘူးပြောလာရင်၊ မမှန်ကြောင်းငြင်းဆိုသူက သက်သေထင်ရှားပြသရန်တာဝန်ရှိတယ်။ (ဒေါ်စိန်နတ်အမှု) (၁၉၆၆ - မတစ - ၁၃၈၉)
(ဆ) အမှုကိစ္စအတွက်၊ တရားရုံးမှာ ရှေ့နေခန့်အပ်ခြင်းဖြင့် ကိုယ်စားလှယ်လွှဲအပ်နိုင်တယ်။ ရှေ့နေရဲ့ အမှုအကြောင်းခြင်းရာ ဆိုင်ရာဝန်ခံချက်ဟာ အမှုသည်ကိုယ်တိုင်ဝန်ခံသကဲ့သို့ အကျိုးသက်ရောက်တယ်။ သို့သော် မိမိအမှုသည် မသိဘဲ၊ ကြိုတင်သဘောတူညီချက်မရဘဲ အမှုကိစ္စကို ရှေ့နေကပြေငြိမ်း၊ ကျေအေးခွင့်အာဏာမရှိဘူး။

ကိုယ်စားလှယ်၏ တာဝန်ဝတ္တရားများ
ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၁၁ မှ ၂၁၆)မှာ ပြဋ္ဌာန်းထားတယ်။
ကိုယ်စားလှယ်၏ အခွင့်အရေးများ
ပုဒ်မ (၂၁၇ မှ ၂၂၅)မှာ ပြဋ္ဌာန်းထားတယ်။

အကြီးအကဲ၏အခွင့်အရေးများ
ပုဒ်မ - ၂၁၆ ကိုယ်စားလှယ်၏တာဝန် ပြဋ္ဌာန်းတဲ့အတိုင်းဖြစ်တယ်။
ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်အတွက် အကြီးအကဲအပေါ် တာဝန်ရှိခြင်း။
ပုဒ်မ - (၂၂၆ မှ ၂၂၉) မှာ ပြဋ္ဌာန်းထားတယ်။
ကိုယ်စားလှယ်ရဲ့ အခွင့်အာဏာကုန်ဆုံးခြင်း။ (TERMINATION OF AGENCY)
အကြီးအကဲက လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ အခွင့်အာဏာဟာ အောက်ပါအခြေအနေများကြောင့် ကုန်ဆုံး၊ ချုပ်ငြိမ်းသွားတယ်။ (ပုဒ်မ - ၂ဝ၁)
(က) အကြီးအကဲက ကိုယ်စားလှယ်စာကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်း။ (REVOCATION) လို့ခေါ်တယ်။ မှတ်ပုံတင်ထား တဲ့ ကိုယ်စားလှယ်စာဆိုရင်၊ မှတ်ပုံတင်အရာရှိထံ သတင်းပို့ရမယ်။ သတင်းစာမှာကြော်ငြာရမယ်။ အကြီးအကဲသဘောနဲ့ ပြန်လည်ရုပ်သိမ်းနိုင်တယ်။ အခြားကိုယ်စားလှယ်စာတွေကိုတော့ ကိုယ်စားလှယ်သိအောင်၊ သတင်းစာက ကြော်ငြာလိုက်ရင် ရုပ်သိမ်းရာရောက်ပါတယ်။
(ခ) အထူးကိုယ်စားလှယ် (SPECIAL POWER) တွေမှာ၊ လွှဲအပ်တဲ့လုပ်ငန်းကိစ္စဆောင်ရွက်ပြီးဆုံးသွားတဲ့အခါ အလိုလို ကိုယ်စားလှယ်စာဟာ ချုပ်ငြိမ်းသွားတယ်။
(ဂ) ကိုယ်စားလှယ်က လွဲအပ်တဲ့ကိစ္စကို စွန့်လွှတ်ကြောင်း၊ RENOUNCE ပြန်အပ်ကြောင်း အကြီးအကဲသိစေရင်၊ ကိုယ်စားလှယ်စာ ချုပ်ငြိမ်းတယ်
(ဃ) အကြီးအကဲ၊ သို့မဟုတ် ကိုယ်စားလှယ်ရူးသွားရင်၊ သေသွားရင် ကိုယ်စားလှယ်စာ ချုပ်ငြိမ်းတယ်။
(င) အကြီးအကဲ လူမွဲအဖြစ် ကြေညာခံရရင်၊ ကိုယ်စားလှယ်စာ ချုပ်ငြိမ်းတယ်။ (အတိုမှတ် - ရုပ်၊ ပြီး၊ အပ်၊ ရူး၊ သေ၊ မွဲ)
ကိုယ်စားလှယ်ရဲ့အခွင့်အာဏာကုန်ဆုံးသွားရင် ၎င်းက ခန့်အပ်ထားတဲ့တစ်ဆင့် ကိုယ်စားလှယ်များရဲ့ အခွင့်အာဏာ လည်း ကုန်ဆုံးသွားတယ်။
(ပုဒ်မ - ၂၁ဝ)
ကိုဖြူ ။ ကိုယ်စားလှယ်စာတချို့မှာ “ပြန်လည် ရုပ်သိမ်းခွင့်မရှိတဲ့ကိုယ်စားလှယ်စာ” လို့ရေးထားတာတွေ့ရတယ်။ ဘာဆိုလို တာလဲ။
ယူတီကေ ။ ပဋိညာဉ်အက်ဥပဒေမှာ ဒီအကြောင်းရေးသားပြဋ္ဌာန်းထားတာမရှိပါဘူး။ ပုဒ်မ - ၂ဝ၂ မှာတော့ အကြီးအကဲနဲ့ ကိုယ်စားလှယ်အကြေား အတိအကျချုပ်ဆိုထားတဲ့ ပဋိညာဉ်မရှိရင်၊ ကိုယ်စားလှယ်ရဲ့အကျိုးစီးပွားပါဝင်နေရင်၊ ဒီအကျိုးခံစားခွင့်ကို ဆန့်ကျင်ပြီး လွှဲစာရုပ်သိမ်းလို့မရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
ကိုဖြူ ။ ကိုယ်စားလှယ်စာရဲ့သက်တမ်း ဘယ်လောက်ရှိသလဲဆရာ။
ယူတီကေ ။ ဘယ်လောက်ပဲရှိတယ်လို့ - ဥပဒေက ကန့်သတ်ထားတာမရှိပါဘူး။ လွှဲစာက နှစ်ကြာနေရင်၊ လွှဲသူ အသက်ထင်ရှားရှိ၊ မရှိ၊ ပြန်ရုပ်၊ မရုပ်ဆိုတာတွေကို ရုံးကလူတွေက မေးတတ်၊ သက်သေပြခိုင်းတတ်တယ်။ (အကြံအဖန်၊ အဲ SAFE SIDE ယူကြတာပါ)။ ဥပဒေထဲမှာမပါဘူး။ ဘယ်လောက်ကြာကြာအသက်ဝင်ဆဲ STILL OPERATIVE ပါဗျာ။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
မှု့ခင်းသတင်းဂျာနယ်(၂၉-၁-၂၀၁၄)